Interview 01

သူနာပြုစောင့်ရှောက်ရေးဝန်ထမ်းအနေနဲ့ ဂျပန်မှာအလုပ်လုပ်ကြည့်ပါ

မနှင်းနှင်းအောင်

၂၀၂၀ ခုနှစ် YASASHIITE, Inc. သို့ အလုပ်ဝင်

၂၀၂၃ ခုနှစ် နေထိုင်ခွင့်အရည်အချင်း “အထူးကျွမ်းကျင်လုပ်သား” သို့ပြောင်းလဲ

တာဝန်ယူထားတဲ့ အလုပ်တာဝန်တွေနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

စားသောက်တာ၊ ရေချိုးတာ၊ အပေါ့အလေးသွားတာ၊ လှုပ်ရှားသွားလာတာတွေအတွက် ကူညီပေးတာ၊ လက်မှုဖန်တီးတာ၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာ စတာတွေကို တာဝန်ယူထားပါတယ်။

 

ဂျပန်ကို မရောက်ခင်မှာ စိုးရိမ်မှုတစ်စုံတရာ ရှိခဲ့ပါသလား။

ကိုယ့်နိုင်ငံမှာ ဂျပန်ဘာသာစကား သင်ခဲ့ပေမယ့်လည်း ဂျပန်ဘာသာနဲ့ စကားပြောဖို့ အခွင့်အရေးမရှိခဲ့တဲ့အတွက် စကားလုံးအသုံးအနှုန်းနဲ့ အပြန်အလှန်စကားပြောဆိုတာတွေအတွက် စိုးရိမ်ခဲ့ပါတယ်။

YASASHIITE, Inc. ကို ရွေးချယ်ရတဲ့ အကြောင်းပြချက်၊ အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါ။

ဝက်ဘ်ဆိုက်ပေါ်မှာ ကုမ္ပဏီပရိုဖိုင်ကို ရှာကြည့်တဲ့အခါ လွန်ခဲ့တဲ့ ၂၈ နှစ်က တည်ထောင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပြီး ရုံးခွဲတွေနဲ့ ဝန်ထမ်းအရေအတွက်တွေကလည်း အများကြီးရှိလို့ ဒီကုမ္ပဏီမှာသာ အလုပ်လုပ်မယ်ဆိုရင် လုပ်ငန်းအတွေ့အကြုံလည်း တိုးတက်နိုင်သလို နေထိုင်မှုဘဝလည်း တည်ငြိမ်နိုင်မယ်လို့ တွေးခဲ့ပါတယ်။

YASASHIITE, Inc. ကို အလုပ်ဝင်ပြီးတဲ့နောက်မှာ ဂျပန်နိုင်ငံကို မလာခင်တုန်းက ထင်ထားတဲ့ အတွေးနဲ့ ကွာခြားမှုရှိပါသလား။

ဂျပန်မရောက်ခင်တုန်းက ဂျပန်ဘာသာစကားနဲ့လည်း အကျွမ်းတဝင်မရှိသေးတဲ့အပြင် သူနာပြုစောင့်ရှောက်ရေး အတွေ့အကြုံလည်း မရှိသေးတဲ့အတွက် တော်တော်လေး ခက်ခဲပင်ပန်းမယ်လို့ တွေးခဲ့ပေမယ့် အလုပ်ဝင်ပြီးတဲ့နောက်မှာ လုပ်ငန်းခွင်က စီနီယာတွေနဲ့ ကုမ္ပဏီဘက်ကနေ ပံ့ပိုးမှုတွေ အမျိုးမျိုး ရရှိခဲ့ပြီး အလုပ်ကိုလည်း သေသေချာချာ သင်ပြပေးခဲ့ကြတဲ့အတွက် အလုပ်မှာရော နေ့စဉ်လူနေမှုဘဝမှာရော အခက်အခဲ ကြီးကြီးမားမား မရှိခဲ့ပါဘူး။

တကယ်ကို ကျေးဇူးတင်မိပါတယ်။

 

သူနာပြုစောင့်ရှောက်ရေးအလုပ်အနေနဲ့ လုပ်ရကျိုးနပ်တယ်လို့ ခံစားရတာကို ပြောပြပါ။

သူနာပြုစောင့်ရှောက်ရေးအလုပ်ဆိုတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပမ်းတဲ့အလုပ်ဖြစ်ပေမယ့် ကူညီစောင့်ရှောက်မှုလိုအပ်နေတဲ့သူတွေကို အကူအညီပေးနိုင်တဲ့ အလုပ်ဖြစ်ပါတယ်။

ပြီးတော့ သက်ကြီးရွယ်အို တွေကို ကူညီစောင့်ရှောက်မှုပေးရတာဖြစ်လို့ ဗဟုသုတမျိုးစုံကိုလည်း သိထားမှရပါမယ်။

ဒါ့ကြောင့် အမျိုးမျိုး လေ့လာသင်ယူမှုတွေပြုလုပ်ရတဲ့အတွက် သူနာပြုစောင့်ရှောက်ရေးဆိုင်ရာ အသိပညာတွေနဲ့ ဘာသာစကားတွေက တဖြည်းဖြည်း တိုးတက်လာနေတယ်လို့ ခံစားရပါတယ်။

အစောင့်ရှောက်ခံသူတွေက ကျွန်မနာမည်ကို မှတ်မိနေတဲ့အချိန်တွေ၊ ပြုစုစောင့်ရှောက်မှုပေးလိုက်တဲ့အခါ အစောင့်ရှောက်ခံသူတွေ ထံကနေ “ကျေးဇူးတင်ပါတယ်” လို့ အပြောခံရတဲ့အချိန်တွေမှာ ပျော်ရွှင်မိပြီး လုပ်ရကျိုးနပ်တယ်လို့ ခံစားရပါတယ်။

ဂျပန်စာကို ဘယ်လိုလေ့လာခဲ့ပါသလဲ။

ကုမ္ပဏီရဲ့ကူညီပံ့ပိုးမှုနဲ့ ကျောင်းသွားတာ၊ အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ ရထားထဲမှာ ဝေါဟာရတွေ အလွတ်ကျက်တာ၊ ဂျပန်ရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်တာတွေလုပ်ပြီး ‌လေ့လာခဲ့ပါတယ်။

ပိတ်ရက်တွေ၊ အလုပ်ပြီးသွားတဲ့အချိန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းလဲဆိုတာ ပြောပြပေးပါ။

ဟင်းချက်ပြီး သူငယ်ချင်းတွေနဲ့အတူတူစားတာမျိုး၊ ရုပ်ရှင်ဇာတ်လမ်းတွေကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုး၊ သူငယ်ချင်းနဲ့အတူတူ ခရီးထွက်တာမျိုးတွေလုပ်ပြီး ဖြတ်သန်းခဲ့ပါတယ်။

အလုပ်လုပ်ရတဲ့အခါမှာ ပင်ပန်းပြီး စိတ်ဖိစီးမှုတွေလည်းရှိမယ်လို့ ထင်ပါတယ်။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့ နည်းလမ်းတစ်ခုခု ရှိပါသလား။

စီနီယာတွေ၊ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်တာ၊ ရေချိုးတဲ့အချိန်မှာ သီချင်းဆိုတာတွေလုပ်ပြီး စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပါတယ်။

အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်ကို ပြောပြပေးပါ။

နိုင်ငံအဆင့်အသိအမှတ်ပြုအရည်အချင်းကို အောင်မြင်အောင်လုပ်ပြီးရင် Kaigofukushishi ဖြစ်ချင်ပါတယ်။

 

အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့ နိုင်ငံခြားသားတွေကို ကျေးဇူးပြုပြီး သတင်းစကားပြောပေးပါ။

ဂျပန်စာကို အစွမ်းကုန် လေ့လာပါ။
YASASHIITE, Inc. မှာဆိုရင် ကြိုးစားရင်ကြိုးစားသလောက် တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေက စောင့်နေပါတယ်။
အားလုံးပဲ ကြိုးစားကြပါ။